ချယ်လ်ဆီးအသင်းဟာ ဒီမနက်ပိုင်းက ပရီးမီးယားလိဂ်ပွဲစဉ် ၃ အဖြစ် လူတန်အသင်းနဲ့ ကစားခဲ့ရာမှာ ၃ ဂိုး- ဂိုးမရှိနဲ့ နိုင်ပွဲရရှိသွားခဲ့ပါတယ်။

ချယ်လ်ဆီးအတွက်ဂိုးတွေကို စတာလင်က ၂ ဂိုးနဲ့ ဂျက်ဆန်က ၁ ဂိုးသွင်းယူခဲ့တာပါ။ဒီပွဲမှာ ညာနောက်ခံလူ ဂတ်စ်တိုက စတာလင်သွင်းယူခဲ့တဲ့ ၂ ဂိုးစလုံးကို ဖန်တီးပေးသွားခဲ့တာဖြစ်ပါတယ်။ချယ်လ်ဆီးအသင်းဟာ ဒီနိုင်ပွဲကြောင့် အခုနှစ်ရာသီပရီးမီးယားလိဂ် ၃ ပွဲကစားအပြီးမှာ ၁ ပွဲနိုင်၊၁ ပွဲသရေ၊ ၁ ပွဲရှုံးဆိုတဲ့ ရလဒ်ရရှိထားတာပါ။

လူတန်အသင်းနဲ့ပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ စတာလင်က ဒီရာသီမှာ ကလပ်အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်ချင်တယ်လို့ပြောခဲ့ပါတယ်။စတာလင်က”ဒီရာသီ ချယ်လ်ဆီးအသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်ဖို့က ကျွန်တော်ကိုယ်တိုင်သတ်မှတ်ထားတဲ့ ပစ်မှတ်ပါ။ကျွန်တော်လုပ်နိုင်တယ်ဆိုတာသိတယ်”လို့ ပြောခဲ့တာပါ။

ဒီပွဲမှာ ပေါင်သန်း ၁၀၀ ကျော်နဲ့ ဝယ်ယူထားတဲ့ ကိုင်စီဒိုဟာ ချယ်လ်ဆီးအသင်းအတွက် ပွဲစတည်းက ပါဝင်ခဲ့ပြီး ခြေစွမ်းပြသသွားနိုင်ခဲ့တာဖြစ်ပါတယ်။အခုနှစ်မှ တန်းတက်လာတဲ့ လူတန်အသင်းကတော့ ၂ ပွဲကစား ၂ ပွဲစလုံးရှုံးနိမ့်ထားပြီး အမှတ်ပေးဇယားအောက်ဆုံးမှာရပ်တည်နေပါတယ်။