ယူနိုက်တက်အသင်းဘယ်နောက်ခံလူ လုပ်ခ်ရှောဟာ ကြွက်သားဒဏ်ရာကြောင့် ရက်သတ္တပတ်ပေါင်းများစွာအနားယူရမှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲစလုံးကိုပါဝင်ခဲ့တဲ့ လုပ်ခ်ရှောဒဏ်ရာကြောင့် အသင်းဟာ ဘယ်နောက်ခံနေရာအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ဘယ်နောက်ခံလူ မာလာစီယာဟာ ဒဏ်ရာကြောင့် အနားယူနေရသလို နောက်တစ်ဦးဖြစ်တဲ့ ဘရန်ဒန်ဝီလျံစ်ကလည်း အစ်စ်ဝှစ်ချ်အသင်းထံ အငှားနဲ့ သွားရောက်ကစားနေတာဖြစ်ပါတယ်။
အဲ့ဒါကြောင့် လာမယ့်ပရီးမီးယားလိဂ်ပွဲတွေမှာ ညာနောက်ခံလူ ဒါလော့ကို ဘယ်နောက်ခံနေရာမှာ အသုံးပြုသွားမှာဖြစ်ပြီး ပေါ်တူဂီကစားသမားဟာ ပြီးခဲ့တဲ့ရာသီကလည်း ယူနိုက်တက်အတွက် ဘယ်နောက်ခံနေရာမှာ ကစားခဲ့ဖူးပါတယ်။

လုပ်ခ်ရှောဟာ ဒဏ်ရာကြောင့် စက်တင်ဘာထဲမှာ ကစားမယ့် အင်္ဂလန်အသင်းရဲ့ယူရိုခြေစစ်ပွဲနဲ့ ခြေစမ်းပွဲကို လွဲချော်တော့မှာဖြစ်ပြီး ယူနိုက်တက်အသင်းရဲ့ပရီးမီးယားလိဂ်ပွဲစဉ်တွေဖြစ်တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ အာဆင်နယ်အသင်းတို့ပွဲကိုလည်း လွဲချော်ဖို့ သေချာနေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမား မေဆန်မောင့်နဲ့ တိုက်စစ်မှူးသစ် ဟော့ဂျ်လန်းကလည်း ဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပါတယ်။