ဝုလ်ဗ်စ်အသင်းနည်းပြ ဂယ်ရီအိုနေးလ်က ယူနိုက်တက်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ မိမိတို့ရရှိမယ့် ပင်နယ်တီမရခဲ့တဲ့အပေါ် ဒိုင်လူကြီးအကြီးအကဲ ကိုယ်တိုင်က မယုံနိုင်အောင် ဖြစ်မိတယ်လို့ ဆိုခဲ့ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်အသင်းက ဗာရန်းရဲ့ခေါင်းတိုက်ဂိုးနဲ့ ဝုလ်ဗ်စ်အသင်းကို အနိုင်ရရှိခဲ့တာပါ။ဒီပွဲရဲ့ပွဲပြီးကာနီးမှာ ယူနိုက်တက်ဂိုးသမား အိုနာနာဟာ ဘောလုံးကို ပုတ်ထုတ်ဖို့ ကြိုးစားခဲ့ရာမှာ ဝုလ်ဗ်စ်ကစားသမားတွေကို ကွင်းထဲလဲကျသွားအောင် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဝုလ်ဗ်စ်အသင်းဟာ ပင်နယ်တီရရှိနိုင်မယ့် ဒီအခွင့်အရေးကို ငြင်းပယ်ခံခဲ့ရတဲ့အပေါ် ဂယ်ရီအိုနေးလ်က စောဒကတက်ခဲ့ရာမှာ အဝါကတ်ပြသခံခဲ့ရတာပါ။ဂယ်ရီအိုနေးလ်ဟာ ဒိုင်လူကြီးအကြီးအကဲနဲ့စကားပြောခဲ့ရာမှာ သူတို့ပင်နယ်တီရသင်တယ်လို့ ပြောခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဂယ်ရီအိုနေးလ်က “ဒါက ပင်နယ်တီဖြစ်တယ်လို့ ဂျွန်မော့စ်က ကျွန်တော့်ကို ပြောခဲ့ပြီး တောင်းလည်းတောင်းပန်ခဲ့ပါတယ်။သူပြောခဲ့တာကြောင့် ကျွန်တော်ပိုပြီးဆိုးသွားတာ ဖြစ်နိုင်ပါတယ်။အိုနာနာက ကျွန်တော့်တိုက်စစ်မှုူးရဲ့ဦးခေါင်းကို ဖြုတ်လိုက်သလိုပါပဲ”လို့ ဆိုခဲ့ပါတယ်။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ကတော့ ဒါဟာ ပင်နယ်တီပေးရမယ့် အရာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။