ယူနိုက်တက်အသင်းဟာ တောင်ပံကစားသမားတွေဖြစ်တဲ့ အန်တိုနီနဲ့ ဆန်ချိုတို့ရဲ့လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် တောင်ပံကိစ္စကို ဖြေရှင်းဖို့အတွက် PSV အသင်းကနေ ထွက်ခွာခဲ့တဲ့ အယ်လ်ဂါဇီကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

အယ်လ်ဂါဇီဟာ ပြီးခဲ့တဲ့အပတ်ကမှ ဒတ်ချ်ကလပ် PSV အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး ထွက်ခွာလာကာ အသင်းလက်မဲ့ဖြစ်နေတာပါ။အယ်လ်ဂါဇီဟာ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ အက်စတွန်ဗီလာနဲ့ အဲဗာတန်အသင်းတွေမှာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အတွေ့အကြုံရှိတဲ့သူလည်း ဖြစ်ပါတယ်။
အယ်လ်ဂါဇီကို ခေါ်ယူဖို့ ဆော်ဒီကလပ်တွေကလည်း စိတ်ဝင်စားနေပြီး ကမ်းလှမ်းမှုတွေလည်း ရှိနေပေမယ့် ယူနိုက်တက်အသင်းကတော့ သူ့ကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပြန်ကစားခွင့်ပေးမယ့် အခွင့်အရေးကို ပေးချင်နေတာဖြစ်ပါတယ်။ဆန်ချိုကတော့ နည်းပြ အဲရစ်တန်ဟတ်ကို ဝေဖန်ခဲ့တာကြောင့် အသင်းမှာ အနာဂတ်မသေချာတော့တာပါ။

ဒါ့အပြင် အန်တိုနီကလည်း သူ့အပေါ်စွဲချက်တင်ထားတဲ့ အရာတွေကို ဖြေရှင်းဖို့အတွက် ရှိနေပြီး ဒါကို ဖြေရှင်းလို့ မပြီးမချင်း ယူနိုက်တက်အသင်းနဲ့ မပူးပေါင်းဖို့ သဘောတူညီမှုရရှိထားတာဖြစ်ပါတယ်။အဲ့ဒါကြောင့် ယူနိုက်တက်အသင်းမှာ တောင်ပံကစားသမားတွေအဖြစ် ဂါနာချိုနဲ့ ပယ်လီစထရီတို့သာ ရှိတော့တာပါ။

ယူနိုက်တက်အသင်းဟာ အယ်လ်ဂါဇီကို ခေါ်ယူဖို့ စိတ်ဝင်စားတယ်ဆိုရင် ဘရိုက်တန်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင်မှာ အပြောင်းအရွှေ့ဖြစ်မြောက်အောင်လုပ်ဆောင်ဖွယ်ရှိနေပါတယ်။