ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က မေဆန်မောင့်ကို အသင်းရဲ့ အလွန်အရေးကြီးတဲ့ ကစားသမားဖြစ်စေချင်တယ်လို့ ပြောလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် ချယ်လ်ဆီးအသင်းကွင်းလယ်လူ မေဆန်မောင့်ကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုဟာ မေဆန်မောင့်ကို အသင်းမှာ ဆက်ထိန်းသိမ်းချင်ခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က ယူနိုက်တက်အသင်းထံ ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
အဲရစ်တန်ဟတ်ကလည်း လာမယ့်ရာသီ သူ့ရဲ့ ကစားကွက်မှာ မေဆန်မောင့်က အရေးပါတဲ့ ကစားသမားဖြစ်လာမယ်လို့ သတ်မှတ်ထားတာကြောင့် အရခေါ်ယူနိုင်ခဲ့ပြီး အသင်းရဲ့ ကျော်ကြားတဲ့ ကျောနံပတ် ၇ ကိုပါပေးခဲ့တာပါ။

မေဆန်မောင့်ဟာ ယူနိုက်တက်အသင်းကစားသမားအဖြစ် မိတ်ဆက်မှုတွေပြုလုပ်ပြီးနောက် နည်းပြဖြစ်သူ အဲရစ်တန်ဟတ်နဲ့ ဓါတ်ပုံရိုက်ခဲ့တာဖြစ်ပါတယ်။အဲရစ်တန်ဟတ်ဟာ အင်္ဂလန်ကစားသမားနဲ့ တွေ့ဆုံချိန်မှာ “မင်းကို ဒီအသင်းအတွက် အလွန်အရေးကြီးတဲ့ ကစားသမားတစ်ဦးဖြစ်စေချင်တယ်”လို့ ပြောခဲ့တာပါ။

မေဆန်မောင့်က ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့အတွက် ဆုံးဖြတ်ချက်ချရမှာ အဲရစ်တန်ဟတ်နဲ့ စကားပြောဆိုမှုတွေက အဓိကကျခဲ့တယ်လို့ ပြောခဲ့ပါတယ်။